ချိန်ခွင်လျှာ ညီပါစေ
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ...
ကျွန်တော်တို့လူသားတိုင်းဟာ လွတ်လပ်မှုကို လိုလားတတ်ကြပါတယ်... နေ့စဉ်ဘဝမှာ အစားအသောက် အနေအထိုင် စကားအပြောအဆိုမှာ လွတ်လပ်ချင်တယ်... လွတ်လပ်တယ်ဆိုတဲ့နေရာမှာ အတိုင်းအတာတစ်ခုတော့ရှိမှဖြစ်မယ်... ဗရမ်းဗတာလွတ်လပ်တဲ့အခါမှာ ပျက်စီးခြင်းကိုဖြစ်စေနိုင်တယ်လို့ ထင်ပါတယ်...
လွတ်လွတ်လပ်လပ် အတွေးအခေါ်ရှိတာတွေ ကိုယ်ချင်းစာတရားရှိတာတွေ သည်းခံနိုင်စွမ်းရှိတာတွေက အသိပညာရဲ့ အမှတ်တံဆိပ်တွေလို့ ထင်တယ်... အသိပညာက နေရာတကာမှာ အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်... အသိပညာရှိသူတွေက ဗရမ်းဗတာအလုပ်ကို လုပ်ကြတော့မယ်မထင်ဘူး...
အတတ်ပညာတွေ မိုးပျံအောင်တော်နေပေမယ့် အသိပညာသာခေါင်းပါးခဲ့မယ်ဆိုရင်တော့ ကိုယ်ချင်းစာတရားတွေ သည်းခံနိုင်စွမ်းတွေ လွတ်လပ်တဲ့တွေးခေါ်ယူဆချက်တွေလည်းပဲ ပျက်ပျက်သွားနိုင်ပါတယ်... အတတ်ပညာနောက်ကို လိုက်ကြရင်းနဲ့ အသိပညာတွေ ခေါင်းပါးသွားတတ်ပါတယ်...
ယနေ့ခေတ်ကာလကလည်း အတတ်ပညာပေါင်းစုံ ထွန်းကားနေတဲ့ခေတ်ဖြစ်တဲ့အတွက် အသိပညာမှာ ခေါင်းပါးသွားမှာကို စိုးရိမ်မိပါတယ်... လူမှုရေးတွေမှာလည်း နားမလည် ယဉ်ကျေးမှုကိုလည်းမသိတော့မှာ ကြောက်မိပါရဲ့... အတတ်ပညာကို လေ့လာလိုက်စားကြသလို အသိပညာကိုလည်း တိုးပွားအောင် သက်ဆိုင်ရာ ဘာသာတရားရဲ့ အဆုံးအမနဲ့ မကင်းလွတ်သင့်ပါဘူး...
ဆိုတော့ကာ ယနေ့ခေတ်လူသားများအနေနဲ့ အတတ်ပညာ နဲ့ အသိပညာ ကို ချိန်ခွင်လျှာ ညီမျှစေချင်တယ်... အဲဒီနှစ်ခု ချိန်ခွင်လျှာ ညီမျှနေမယ်ဆိုရင် တိုးတက်ဖို့ဆိုတာ နီးနီးလေးမှာလို့လည်း ထင်ပါတယ်... လူသားတိုင်း အတတ်ပညာ နဲ့ အသိပညာကို ချိန်ခွင်လျှာ ညီမျှအောင် ထိန်းသိမ်းနိုင်ကြပါစေ...
အားလုံးကို လေးစားလျှက်-
ပညာတတ်ပေမယ့် ကိုယ်ချင်းစာစိတ် စာနာစိတ်မရှိတာလဲ ကြုံဖူးခဲ့ပါပြီ။အဲ ဒါမျိုးတွေထပ်လဲ မကြုံချင်ပါ။ အဲလိုလူတွေကို ဘယ်လို သင်ကြားးပေးရမယ် မသိပါ။
သင်ပေးတယ်ဆိုတာက လမ်းပြရုံသက်သက်ပဲဖြစ်ပါတယ်ဗျာ... လမ်းပြသူက လမ်းပဲပြပေးနိုင်မှာဖြစ်ပြီး လျှောက်ရမှာတော့ အဲဒီလူတွေကိုယ်တိုင်ဆိုတော့ကာ သူတို့မလျှောက်ရင် ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး... သင်ပေးလည်း အလကားအချိန်ကုန် လူပန်းသာဖြစ်မယ်လို့ ထင်ပါတယ်