လူ နဲ့ တိရစ္ဆာန်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

မကြာမီရက်ပိုင်းက လူနဲ့တိရစ္ဆာန်တို့မှာ ဘယ်သတ္တဝါက သာသနည်း?ဆိုတဲ့ အမေးမျိုးရေးမိခဲ့ပါသည်။ ဒီမေးခွန်းအတွက် အဖြေကိုလည်း လူတိုင်းက သိပြီးဖြစ်ပါလိမ့်မည်။ လူက သာတာပေါ့ဆိုသည့် အဖြေကို ဖြေကြမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ သို့သော် အရာရာတိုင်းတွင် လူကသာပါသလား? ဆိုသော မေးခွန်းကို ထပ်မေးမည်ဆိုပါက ပြန်ဖြေလာမည့်အဖြေသည် ကွဲပြား ခြားနားသွားကြပါလိမ့်မည်။ အရာရာတိုင်းတွင် တိရစ္ဆာန်ထက် လူက မသာနိုင်ပါ။ အားကြီးတဲ့ တိရစ္ဆာန်၊ အပြေးမြန်တဲ့တိရစ္ဆာန်၊ ရေကူးကျွမ်းကျင်တဲ့ တိရစ္ဆာန်၊ လေပေါ်ပျံဝဲလို့ အစာရှာကြတဲ့တိရစ္ဆာန် စသည့်တိရစ္ဆာန်တွေလိုတော့ လူတွေက အားမကြီး အပြေးမမြန် ရေမကျွမ်း လေမပျံနိုင်ကြပါ။


human_vs_animal.png


သို့ဆိုလျှင် လူတွေက ဘယ်အရာမှာ သာနေလို့ လူကသာတယ်လို့ပြောနေကြရပါသလဲ? ရှင်းပါသည်။ လူတွေက တိရစ္ဆာန်တွေထက် အသိဉာဏ်ပညာအရာမှာ အလွန့် အလွန် သာလွန်ပါသည်။ အသိဉာဏ်ပညာ သာလွန်နေတာကြောင့် အကောင်း အဆိုး အကြောင်း အကျိုး အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကြပါသည်။ တိရစ္ဆာန်တွေများကမူ မည်သည့်အရာကိုမျှ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသကဲ့သို့ အကောင်းအဆိုးအကြောင်းအကျိုးနဲ့ အမှားအမှန်ကိုလည်း မသိကြပါ။ ထို့သို့သော အကြောင်းကြောင့် လူက တိရစ္ဆာန်ထက် သာတယ် ဟု ပြောဆိုကြခြင်းပင်ဖြစ်တန်ရာ၏။

ထိုသို့ ဉာဏ်ပညာအရာတွင် သာလွန်နေသော လူသည် အရာရာကို စူးစမ်းလေ့လာရင်းဖြင့် လောကကြီးအား အကျိုးပြုစေနိုင်သော နည်းပညာတို့အား လေ့လာဆန်းစစ်ရင်းဖြင့် တိုးတက်ပြောင်းလဲလာခဲ့ရပေသည်။ ထိုကဲ့သို့ တိုးတက်ပြောင်းလဲလာသည့်နောက်တွင် တိရစ္ဆာန်များကိုသာမက လူသားအချင်းချင်းကိုပင် သတ်ဖြတ်မှုတို့အား ပြုလုပ်လာကြသည်။ လူသည် ကောင်းမှု မကောင်းမှုကို ခွဲခြားနိုင်သော ဉာဏ်ပညာရှိသည်ကို ဟုတ်မှ ဟုတ်ပါလေစ ဟူသော ဇဝေဇဝါအတွေးတို့ ဖြစ်ပေါ်လာကြရပေသည်။

တိရစ္ဆာန်များသည် ကိုယ်ကျင့်တရားမရှိကြပါ။ လူသားများတွင်မူ ကိုယ်ကျင့်တရားများ ရှိကြပေသည်။ မည်သည့် တိရစ္ဆာန်မျှ ဥပုသ်သီတင်းဆောက်တည်ရကောင်းမှန်းမသိကြပါ။ လူသားများကမူ ဥပုသ်သီတင်း ဆောက်တည်ရကောင်းမှန်းသိကြပေသည်။ မည်သည့်တိရစ္ဆာန်မျှ သီလမရှိသော်လည်း လူတို့တွင်မူ သီလရှိသောသူများ ရှိကြပေသည်။ တိရစ္ဆာန်လောကကို ကြည့်မည်ဆိုပါက ကြီးနိုင်ငယ်ညှဉ်း အမှုကိုသာ နေ့စဉ်နေ့တိုင်း ကျူးလွန်နေကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ သမင်ကိုမြင်လျှင် ကျားကအလွတ်မပေးတတ်သလို ငါးသေသေးလေးကို မြင်ပါက ငါးအကြီးကြီးက စားမြိုပစ်လိုက်ကြသည်မှာ တိရစ္ဆာန်တို့၏ အမူအကျင့်သဘာဝပင် ဖြစ်ပေသည်။


animal_copy.png


အသိဉာဏ်မြင့်မားသော လူသားတို့သည် အားကြီးသူက အားနည်းသူတို့အားလည်းကောင်း၊ ရာထူးအာဏာရှိသူက ရာထူးအာဏာမရှိသူများအားလည်းကောင်း၊ ငွေကြေးချမ်းသာသူက ငွေကြေးဆင်းရဲနေသူတို့အားလည်းကောင်း အသီးသီး အနိုင်အထက်ပြုကျင့်နေကြသည်မှာ တိရစ္ဆာန်လောကနှင့်တူနေပေတော့သည်။ ကိုယ်ကျင့်တရားဆိုသည်ကိုလည်း ပါးစပ်ပြောသာ ပြောဆိုနေကြပြီးလျှင် အမှန်တကယ် လိုက်နာကျင့်သုံးကြခြင်းမရှိတော့သည်ဖြစ်ရာ လူ့သားနှင့် တိရစ္ဆာန်သည် မည်သူကသာသည်ကို ပြောဆိုရန် အတော်ခက်ခဲလာပါသည်။

လူသားစင်စစ် ဖြစ်စေရန်မှာ တစ်နည်းအားဖြင့် တိရစ္ဆာန်ထက်သာကြသည်မှာ ထောက်ထားညှာတာသောစိတ်၊ ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ် စသည်တို့ ရှိနေခြင်းကြောင့်လည်း ဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်အခါသမယကို ကြည့်လျှင် ထိုသို့သော ကိုယ်ချင်းစာစိတ်၊ ထောက်ထားညှာတာစိတ်၊ မေတ္တာစိတ်တို့ ဆိတ်သုန်းနေကြသည်မှာ လူဟူ၍ခေါ်နိုင်ပါမည်လားဟုပင် သံသယပွားစေခဲ့ပါသည်။

လက်နက်အင်အားရှိသော နိုင်ငံက လက်နက်မဲ့နေသော နိုင်ငံတို့အားလည်းကောင်း၊ ငွေကြေးဓနအင်အားရှိသော နိုင်ငံများက ငွေကြေးဓနအင်အားတို့ဖြင့်လည်းကောင်း၊ နည်းပညာအင်အားရှိသောနိုင်ငံများက နည်းပညာမဲ့သောနိုင်ငံတို့အားလည်းကောင်း အသီးသီး လူတို့၏ လိမ္မာသောအသိဉာဏ်ဖြင့် ကြီးနိုင် ငယ်ညှင်း အနိုင်ယူနေကြသည်ကို မြင်တွေ့နိုင်ပေမည်။ ထိုထိုသို့ဆိုလျှင် ကျွန်ုပ်တို့လူသားများအနေဖြင့် တိရစ္ဆာန်များထက် သာလွန်သည်ဟုပြောဆိုနေကြခြင်းက မှန်နိုင်ပါအုံးမည်လော?

လူတို့၏ မေတ္တာစိတ်၊ ထောက်ထားညှာတာစိတ်၊ သနားကြင်နာသောစိတ်တို့သည် အဘယ်သို့ရောက်နေလေသနည်း? ကိုယ်ကျင့်တရားဆိုသည်တို့သည် အဘယ်သို့ တည်ရှိနေကြပါကုန်သနည်း? သီလဆောက်တည်ခြင်းဆိုသည်တို့သည် မရှိ‌ကုန်ပြီလော? မေးခွန်းတို့သည် တရစပ်မေးချင်စရာများ ဖြစ်လာသည်။ ထိုမေးခွန်းတို့၏ အဖြေကိုမူ မရေမရာ မသေမချာ ဖြင့်သာ အဆုံးသတ်နိဂုံးချုပ်သွားရလေတော့သည်။

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
6 comments
avatar

ရှိတော့ရှိတယ်... ရှားတယ် လို့ပဲ ပြောရမလားပဲ...!LOL. !PIZZA

0
0
0.000
avatar

ရှိသေးတယ်ဆိုရင်တောင်မှ အတော်ရှားနေပြီလို့ပြောရမှာပဲဆာဟင်‌

0
0
0.000
avatar

လူစင်စစ်တွေ ရှားပါးလာပီဗျ။ !LOL

0
0
0.000
avatar

ကွှီးရွှေရော လူဖြစ်ပြီလား 😝

0
0
0.000